ကျင် အားကစားပညာ အကြောင်း

ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးအသီးသီးမှာ ရိုးရာအားကစားနည်းများ ရှိကြသည်။ အလားတူ ရခိုင်တိုင်းရင်းသားများမှာလည်း အားကစားနည်းများ စွာရှိသည့် အနက်ထင်ရှားသည့် အားကစားနည်း တစ်ခုမှာ “ ကျင် “ အားကစားနည်း ပင်ဖြစ်သည်။
“ကျင်”ပညာသည်တုတ်၊ဓါး၊လက်နက်များကို မကိုင်ဆောင်ဘဲ တစ်ဘက် ရန်သူကို မိမိ လက်၊ ခြေဖြင့် တိုက် ခိုက် အနိုင် ယူသော နည်း ပညာ ဖြစ်၏။ လက်၊ ခြေ ဖြင့် တိုက်ခိုက်သည်ဆိုသော် လည်း လက်သီးနှင့် ထိုး ခြင်း၊ ခြေထောက်ဖြင့်ကန်ကျောက်ခြင်းမျိုးကားမပြုလုပ်ရဘဲ ကျင်ပညာသားပါပါဖြင့်ယဉ်ကျေး သိမ်မွေ့စွာ တစ်ဖက် သူကို အနိုင်ယူသော နည်းပင်ဖြစ်၏။
ကျင်ပညာသည် ရခိုင်ရိုးရာ အားကစားနည်းအစစ်ဖြစ်သဖြင့် ကျင်ပညာအကြောင်းကို တစေ့တစောင်း လေ့ လာတင်ပြလိုပါသည်။
ကျင်အားကစားပညာသည် စာတစ်စောင်၊ ပေ တစ်အုပ်အဖြစ် သီးခြားရပ်တည်၍မရှိခဲ့သော်လည်း သက်ကြီး ရွယ်အို ရခိုင်အမျိုးသားကြီးများက မျိုးဆက်သစ် လူငယ်များ လက်ဝယ်သို့ ကျင် ပညာ ရပ်များကို လက်ဆင့် ကမ်း ပေးခဲ့ကြ၏။ ရခိုင်ရိုးရာ ပညာရပ်တစ်ခုအနေဖြင့် စဉ်လာ မပျက်၊ ထိန်းသိမ်း စောင့်ရှောက်လာခဲ့ သည် မှာ ယနေ့တိုင်ဖြစ်သည်။


ကျင်အားကစားပွဲတော်
          ကျင်အားကစားပွဲတော်ကို အခြားသောပွဲများနှင့် တွဲဘက်၍ ကျင်းပကြသည်။ လက်ထပ် မင်္ဂလာပွဲ၊ ဘုရားပွဲတော်၊ ညောင်ရေသွန်းပွဲ၊ လှေပြိုင်ပွဲ၊ ရှင်ပြုရဟန်းခံပွဲ၊လွတ်လပ်ရေး ပွဲတော်၊ ပြည်နယ်နေ့ပွဲတော်၊ ဘုန်းတော်ကြီးပျံ ဈာပနပွဲတော်နှင့် ရိုးရာအားကစားဖိတ်ခေါ်ပွဲ များတွင် တခမ်းတနား စည်ကား သိုက်မြိုက် စွာ ကျင်းပလေ့ရှိကြ၏။ ကျင်ပွဲမပါလျှင် မပြီးပါ၊ ပွဲ မှန် လျှင် ကျင်ပွဲ ပါရမြဲဖြစ်သည်။
ကျင်သန်
          ကျင်အားကစားသမားများကို“ကျင်သန်”ဟုခေါ်သည်။ ကျင်သန်ဘွဲ့ရရှိထားသောပုဂ္ဂိုလ်တို့ကို လူထု ပရိသတ်က ချစ်မြတ်နိုးသည်။
ကျင်သန်အမျိုးမျိုး
          ကျင်သန်များကို အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ထားကြသည်။ ပွဲကြီးများတွင်ရွှေမောင်းရ ထားသော ကျင်သန်ကို ရွှေမောင်းရကျင်သန် ဟုခေါ်သည်။ အလားတူ ငွေမောင်းရထားသော ကျင်သန်ကို ငွေမောင်းရ ကျင်သန်ဟုခေါ်သည်။
          ကျင်သန်များသည် အပျော်တမ်း ကျင်သန်မှ တစ်ဆင့် ငွေမောင်းတန်း၊ ရွှေမောင်းတန်းသို့ တက်ကာ ကစားခွင့်ရှိလာကြသည်။ သို့သော် ငွေမောင်းမရသေးသော ကျင်သန်ကို ရွှေမောင်းတန်း သို့ တက်ကစား ခွင့်မပြု။ ငွေမောင်းများစွာ ရရှိထားသော ကျင်သန်ကို ရွှေမောင်းတန်းသို့တစ်ဆင့် တက်ကာ ကစားခွင့် တောင်းဆိုလာလျှင် ခုံသမာဓိအဖွဲ့က သူ၏ကစားပညာနှင့် ကာယဗလကို အကဲခတ်၍ ကစားခွင့်ပြုကြသည်။
ကျင်ခုံသမာဓိအဖွဲ့
          ကျင်အားကစားပွဲတော် ကျင်းပရန် ရှေးဦးစွာ ကျင်ခုံသမာဓိအဖွဲ့ကို ဖွဲ့စည်းထားရသည်။ ခုံသမာဓိ အဖွဲ့တွင် အဖွဲ့ဝင်(၁၅) ယောက်ထိ ပါဝင်နိုင်သည်။
ကျင်ခုံသမာဓိအဖွဲ့သည် ကျင်သန်အချင်းချင်း အငြင်းအခုံဖြစ်ကြရာ၌ ကျင်ဒိုင်များက တညီတညွတ် တည်း အပြီးသတ်ဆုံးဖြတ်မပေးနိုင်သော ကိစ္စရပ်များကို နောက်ဆုံးအာဏာပိုင်အဖွဲ့ အနေဖြင့် အဆုံး အဖြတ်ပေးနိုင်သော အဖွဲ့ဖြစ်သည်။
ကျင်ဒိုင်လူကြီးများ
          ကျင်ခုံသမာဓိအဖွဲ့က ကျင်ဒိုင်များကို ရွေးချယ်ကြရ၏။ ကျင်ဒိုင်သည် လျင်မြန်ဖြတ်လတ်ပြီး ကျင် အားကစားသမား(ကျင်သန်)မှ အနားယူထားသူဖြစ်ရမည်။ ကျင်ဒိုင်လူကြီးများကို ကျင်ပွဲကြီး၊ ငယ် အလိုက် လေးယောက်(သို့မဟုတ်) ခြောက်ယောက်ကိုရွေးချယ်ထားရသည်။ကျင်ခုံသမာဓိအဖွဲ့ ၀င် လူကြီး များနှင့် ဒိုင်လူကြီးတို့၏ ဆုံးဖြတ်ချက်သာ နောက်ဆုံးအတည်ဖြစ်ရသည်။
ကျင်တလင်း အင်္ဂါရပ်များ
          ကျင်ပွဲကျင်းပသော မြေကွက်ကို ကျင်တလင်းဟုခေါ်သည်။ မြေကွက်သည် မခုံးလွန်း၊ မမို့လွန်း၊ မနိမ့်လွန်း၊ ကျောက်ခဲ၊ သစ်ငုတ်၊ သစ်မြစ်များ ကျင်းရှင်းကာ မြေမျက်နှာပြင် ညီညာ ပြန့်ပြူးပြီး သဲမြေ များ ခြင်း စသော အင်္ဂါရပ်များနှင့် ပြည့်စုံရမည်ဖြစ်သည်။
သဲမြေရှားပါးသည့် အချို့ဒေသများတွင် ညီညာပြေပြစ်သော ရွှံ့၊ နှုံးမြေကို ရွေးချယ်ရသည်။ ရွှံ့မှာ မပျော့ရ။ ကျောက်၊ သစ်ငုတ် စသော အပြစ်များ ကင်းရှင်းရပါမည်။ အကယ်၍ လိုအပ်ပါက ဖွဲ၊သဲများ ခင်း ပေးကြရသည်။
ကျင်တလင်းအကျယ်အ၀န်း
          ကျင်တလင်းသည် စက်ဝိုင်းသဏ္ဍါန် ဖြစ်သည်။ အနည်းဆုံး ပေ(၂၀၀) ခန့်ကျယ်ဝန်းရမည် ဖြစ်သည်။ သို့ရာတွင် ကျင်တလင်းမှာ ပွဲကြီးလျှင် ပွဲကြီးအလျောက် ကျယ်ဝန်းရသည်။ ပွဲငယ်လျှင် လည်း ပွဲနှင့် လိုက် ဖက်ညီအောင်စီစဉ်ရသည်။
ကျင်ကွင်းသတ်နည်း
          တစ်ကြိမ်တစ်ခါမှ ကျင်ပွဲမကျင်းပသေးသော မြေကွက်တွင် ကျင်ပွဲကျင်းပလိုသောအခါ ရှေးဦးစွာ ကျင်တလင်းကို ကွင်းသတ်ပေးရသည်။ ကွင်းသတ်လိုသော အခါ အသက်အရွယ် ကြီးရင့်သော အမျိုးသား တစ်ယောက်ကို ခါးတောင်းကျိုက်စေပြီး ကျင်တလင်း ပတ်လည်ကို လှည့်လည်ကာ တစ်ပတ်ပြည့်အောင် ကျင်ကွင်းပြရသည်။ ယင်းသို့ပြုလုပ်ခြင်းကိုပင် ကျင်ကွင်း သတ်သည်ဟု ခေါ်သည်။
ကျင်ကွင်း အသစ်သည် ကျင်သန်များအတွက် အနည်းနှင့်အများ အနာတရဖြစ်တတ်သည်။ ဥပမာ – လက်ကျိုးခြင်း၊ ခြေထောက်ကျိုးခြင်း၊ နံရိုးကျိုးခြင်း၊ ခြေဆစ်လက်ဆစ်လွဲခြင်း စသည်တို့ ဖြစ်တတ်သည်။
ကျင်တလင်းတွင်ပါဝင်ရန် လိုအပ်ချက်များ
          ကျင်းတလင်းပတ်လည်မှာ ဓနိ စသည့်အရာများနှင့် မိုးကာပြီး ရာဇမတ်များကာထားရပါမည်။ မဏ္ဍပ် ကြီးကိုလည်း ဆောက်လုပ်ထားရသည်။ မဏ္ဍပ်မှာ ပွဲကြည့်ပရိသတ်နေရာ၊ လူကြီးမင်းများ နေရာနှင့် ကျင်ခုံ သမာဓိအဖွဲ့ ဆုပေးနေရာတို့ ပါဝင်ကြပါသည်။
ခါးစည်းဖျင်
          ကျင်သန်များ၏ ခါးတောင်းကျိုက်ရာ၌ အသုံးပြုစည်းနှောင်ရန် အနံ ၅လက်မ၊ အလျား ၄ ပေ ခန့်ရှိ ဖျင်စဆယ်ခု။ ယင်းဖျင်စကို ခါးစည်းဟုခေါ်သည်။
ခါးစည်းဖျင်၏အရောင်
          ခါးစည်းဖျင်စကို အရောင်လေးမျိုးခွဲခြားသတ်မှတ်ထား၏။ ယင်းတို့မှာ အနီ၊ အနက်၊ အ၀ါနှင့် အဖြူ ရောင်တို့ ဖြစ်ကြသည်။
ယင်းသို့ အရောင်ခွဲခြားထားရခြင်းမှာ ရွှေမောင်းတန်းအတွက် အနီရောင်နှင့် အနက်ရောင်။ငွေမောင်း တန်းအတွက် အ၀ါရောင်နှင့် အနီရောင်။ အဖြူရောင်မှာ အပျော်တမ်း ကျင်သန်များ အတွက် ဖြစ် သည်။
            တစ်ခါတစ်ရံ အဖြူရောင်နှင့် အနီ၊ အ၀ါရောင်နှင့် အဖြူတွဲပြီး အပျော်တမ်းကျင်သန်များ အတွက် ပွဲစဉ် အ လိုက် အသုံးပြုသည်လည်းရှိ၏။ အချို့ဒေသများတွင် ခါးစည်းအတွက် အပြာရောင် ဖျင်စ ကိုလည်း အသုံး ပြုသည်။
ကျင်ပွဲကျင်းပရာတွင် အဓိကယှဉ်ပြိုင်သူများ
        ကျင်သန် အငယ်တန်း၊ ကျင်သန် အကြီးတန်း၊ ကျင်သန် အလတ်တန်း သုံးမျိုးပါဝင် ယှဉ်ပြိုင် ကြသည်။
(က) ကျင်သန်အကြီးတန်း
ကျားကဲ့သို့ ခွန်အားဗလကြီးခြင်း၊ လျင်မြန်ဖျတ်လတ်ခြင်း၊ ဇွဲ၊ လုံ့လ၊၀ီရိယရှိခြင်း၊ ဇ၀န ဥာဏ် ထက်သန်ခြင်း၊ စိတ်တည်ကြည်ခိုင်မြဲခြင်း၊ သတိကြီးခြင်း၊ သတ္တိရှိခြင်း၊ ကျင်ပညာကို ကျွမ်းကျင်စွာ တတ်မြောက်ခြင်း စသော ဂုဏ်သတ္တိစွမ်းရည်နှင့်ပြည့်စုံ၍ ရွှေမောင်းတန်း၊ ငွေမောင်းတန်း၌ ၀င်ရောက်ယှဉ်ပြိုင်သူများ ဖြစ်ကြ သည်။
(ခ) ကျင်သန်အလတ်တန်း
ကျင်သန်အကြီးတန်းတို့၏ အရည်အချင်းကို အပြည့်အ၀ မမီသေးသော်လည်း ကျင်အတတ် ပညာကို ကျွမ်းကျင်စွာတတ်မြောက်သည့် ငွေမောင်းတန်းတွင် ၀င်ရောက်မယှဉ်ပြိုင် သေးသော ကျင်သန်များ၊ ၀ါသနာအရ အပျော်တမ်း ၀င်ရောက်ယှဉ်ပြိုင်သူ ကျင်သန်များဖြစ်ကြသည်။
(ဂ) ကျင်သန်အငယ်တန်း
ကျင်အတတ်ပညာကို သင်ကြားခါစ၊ တတ်မြောက်ခါစ၊ ကျင်ပွဲများတွင် အပျော်တမ်း ၀င်ရောက် ယှဉ်ပြိုင်သူ ကျင်သန်များဖြစ်ကြသည်။
ကျင်ဒိုင်တာဝန်နှင့် ၀တ္တရားများ
၁။ ကျင်ဒို ပီသအောင် ခါးတောင်းကို မြောင် မြောင်(မြဲမြံစွာ) ကျိုက်ထားရမည်။(လုံးဝဖိနပ်မစီးရ။)
၂။ ကျင်သန်များအား ကျင်မကိုင်မီကျင်စည်းကမ်းချက်များကို လိုက်နာရမည်ဟု သတိပေး ပြောကြား   ပြီးမှ ကျင်တိုက်ပေးရမည်။
၃။ တစ်နေရာတည်းတွင် ရပ်မနေရ။(ကျားလိုသွားပြီး) ကျင်ကိုင်နေသူများကို မျက်ခြေမပြတ် စောင့်ကြည့် နေရမည်။ (ကျင်ဒိုင်သည် အညောင်းပြေ ခဏတဖြုတ်ဒူးထောက်ကာ ထိုင်နိုင်သည်။)
၎။ ကျင်သန်များ တပြိုင်တည်း ဘေးချင်းအတူတူ ကျသွားခဲ့လျှင် တစ်ဦးဦးအား ဆွဲထူခြင်း မပြုရ။ အပြတ် အ သတ်နိုင်သည်၊ ကျသည်အထိ စောင့်ကြည့်ရမည်။
၅။ ကျင်သန်များ ကျင်ကိုင်နေစဉ် တစ်ဖက်ဖက်ကို အားပေးမြှောက်ပေးခြင်းး၊ အကြံဥာဏ် ပေးခြင်းများ ကို လုံးဝမပြုလုပ်ရ။
၆။ ကျင်သန်များကျင်နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ ကျင်ဒိုင်များက ၀င်ရောက် ကာ”ကျင်ကွင်းခြင်း” လုံးဝ မပြုလုပ်ရ။
မှတ်ချက် ။     ။ (ကျင်ပွဲမစမီနှင့် ကျင်ပွဲပြီးဆုံးချိန်တွင် ကျင်ဒိုင်များ၊ ကျင်ကွင်းခွင့်ရှိသည်။)
ကျင်သန်များလိုက်နာရန် အဓိကစည်းကမ်းချက်များ
ကျင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကျင်သန်များသည် အောက်ဖော်ပြပါ အဓိက စည်းကမ်းများ ကို အတိအကျ လိုက်နာကြရပါမည်။
၁။       ကျင်သန်နှစ်ဦးသည် မိမိတို့သဘောတူညီချက်ရှိသည့်အတိုင်း ဖမ်းသူကဖမ်း၊ ခံသူကခံရပါမည်။ (သို့ မဟုတ်) ကျင်ဒိုင်လူကြီး၏ အစီအစဉ်ကိုနာခံရပါမည်။ ရှေးက ပွဲစဉ်အတိုင်း လိုက်နာကြရပါမည်။
၂။       ကျင်တစ်တွဲသည် စတင် ကျင်ကိုင်ရာမှာ ခံသူက အဖမ်းခံရန်အဆင်သင့်ဖြစ်ကြောင်း၊ ကျင်ပညာ နည်းစနစ်ဖြင့် သိသာစေပြီးမှာသာ ကျင်ဖမ်းသူက စတင်၍ ဖမ်းရပါမည်။
၃။       ကျင်ဖမ်းသူက ကျင်ခံသူကို ခြေမတင်မီ၊ ခံသူက ဖမ်းသူကို မြေပေါ်သို့ပစ်မချရ။ အကယ်၍ ပစ်ချ ခဲ့လျှင် ကျင်ဖမ်းသူကျခဲ့သော်လည်း ကျင်ခံသူက အပြန်ပစ်သဖြင့် ခံသူကိုသာ အပြစ်ပြုသူ အဖြစ် အရှုံးပေး ရမည်။
၎။       ကျင်ဖမ်းသူက ကျင်ခံသူကို ဖမ်းပြီး၊ ခံသူကို ခြေတင်ခဲ့လျှင် ကျင်ခံသူက နှစ်ကြိမ်တိုင်တိုင် ရုန်းထွက် နိုင်သည်။ ဖမ်းမရပါက ဖမ်းမရသူအဖြစ် သတ်မှတ်ရမည်။ သို့သော်ကျင်ခံသူသည် ကျင်ဖမ်းသူ ခြေ မတင်မီ ရုန်းထွက်ပြေးခြင်းမပြုရ။ ကျင်ဖမ်းသူသည် ကျင်ခံသူအား နှစ်ကြိမ်တိတိ ဖမ်းမရပါက ကျင်ခံ သူ က တစ် လှည့် ကျင်ဖမ်းသူအဖြစ် ဆက်လက်၍ ကျင်တိုက်ပေးရမည်။
၅။       ကျင်ဖမ်းသူက ကျင်ခံသူအား လက်ကိုဖမ်းကိုင်ပြီး မြေပေါ်သို့တမင်ဆွဲချခဲ့သော် ဆွဲချသူအား တရား မ၀င်ကြောင်း သတိပေးရမည်။ ပြန်လည်ကျင်ကိုင်စေရမည်။ပြန်လည်ကိုင်ရန်ငြင်းဆန်သူကိုအရှုံး ပေးရမည်။
၆။       ကျင်ကိုင်ရာတွင် ကျင်သန်များသည် မိမိအတွက် သဲကိုင်နိုင်သော်လည်း ပြိုင်ဘက်အား သဲနှင့် ရော ကာမကိုင်ရ၊ မပွတ်ရ။
၇။       ကျင်ကိုင်ရာတွင် လက်ချောင်းများကို လက်တစ်ချောင်းချင်းမကိုင်ရ။ စုပေါင်းကိုင်နိုင်သည်။ လည်မျို ၀င်သီး(လည်စေ့) ကိုညှစ်ကိုင်ခြင်း မပြုရ။ မျက်စေ့၊ နားရွက်၊ နှာခေါင်း၊ ဆံပင်၊ နှုတ်ခမ်းတို့ကို ဆွဲကိုင်ခြင်း မ ပြုရ။
၈။       ကျင်တစ်တွဲသည် အဖမ်းနှစ်ကြိမ်၊ အခံနှစ်ကြိမ်ဖြင့် အရှုံးအနိုင်မပေါ်ခဲ့သော်၊ နောက်ထပ် တစ်ကြိမ် စီ ကျင်ကိုင်ခွင့်ပြုရမည်။ အရှုံးအနိုင်မရသော် ကျင်ခုံသမာဓိအဖွဲ့က သင့်တော်သလိုစီစဉ်ဆုံးဖြတ်ပေး ရမည်။  
မှတ်ချက် ။     ။ အချို့ဒေသများတွင် သုံကြိမ်ဖမ်း၍ သုံးကြိမ်ခံရသည်။
၉။       ကျင်ဖမ်းသူက ကျင်ခံသူကို မည်သည့်နည်းဖြင့်မဆို ဖမ်းပြီး ပစ်ချနိုင်သည်။ လက်ပြုတ် သည်ဖြစ်စေ၊ မပြုတ်သည်ဖြစ်စေ၊ အောက်ကကျသူကို အရှုံးပေးရမည်။ ကျင်ဖမ်းသူ သည် အောက်ကကျသော်ငြား လည်း ကျင်ခံသူကို ပြန်အောင်ပစ်နိုင်ခဲ့လျှင် ဖမ်းသူကို အနိုင် ပေးရမည်။
၁၀။     ကျင်ဖမ်းသူနှင့် ကျင်ခံသူနှစ်ဦးစလုံး လက်ခြေပြုတ်ပြီး ပြိုင်တူကျခဲ့လျှင်အလျင် အမြန် ထနိုင်သူ အား အနိုင်ပေးရမည်။
၁၁။     ကျင်ကိုင်ရာတွင် နှစ်ဦးစလုံး လက်မပြုတ်ဘဲ အတူတူကျ၍ အပြန်အလှန်လှိမ့်နေကြလျှင် အပြတ် အသတ်ဖိထားနိုင်သူကို အနိုင်ပေးရန် လုံလောက်သင့်တော်သည့်အချိန်ထိ စောင့်ကြည့် နေကြရမည်။
၁၂။     ကျင်ဖမ်းသူသည် ကျင်ခံသူ၏ နောက်ခါးကိုရရှိ၍ ချီမထားနိုင်လျှင် ကျင်ဖမ်းသူကိုအနိုင်ပေးရ ပါမည်။ အကယ်၍ ကျင်ခံသူက ပစ်ချနိုင်ကြောင်းကို ကျင်ဒိုင်များထံသဘောတူညီချက် ရယူခဲ့လျှင် ဖမ်းသူက ပစ်ချနိုင်သည်။
၁၃။     ကျင်ဒိုင်လူကြီး၏ အပြုအမူ အဆု့းအဖြတ်ကို မကျေနပ်သော ကျင်သန်သည် ကျင်ဒိုင်လူကြီးများ ကိုဆန့်ကျင်ခြင်းမပြုလုပ်ဘဲ လုံလောက်သော အကြောင်းပြချက်ကို ကျင်ခုံ သမာဓိအဖွဲ့ထံ စောဒက ၀င်နိုင် သည်။ ကျင်ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်သည် နောက်ဆုံး အတည်ဖြစ်စေရမည်။
၁၄။     ကျင်သန်များ ကျင်ပညာပေါ်လွင်အောင် ကျင်ကိုင်ပြုကြရမည်။
၁၅။     ကျင်အဖမ်းနှင့် ကျင်အခံ ကျင်သန်နှစ်ဦး သဘောမမျှ ၀ိဝါဒဖြစ်ခဲ့သော် ခေါင်းပန်းလှန်ပြီး ဆုံးဖြတ် ချက် ပေးရမည်။
၁၆။     လည်ပင်းနှင့် မေးစေ့၊ နဖူး တို့ကို တွန်းထားနိုင်သည်။ ခွင့်ပြုသည်။
၁၇။     ခါးအောက်ပိုင်းနှင့်လုံချည်၊ ဘောင်းဘီများကိုဆွဲကိုင်ခြင်း၊ပေါင်ကြားသို့လက်ထိုးခြင်းလုံးဝမပြု လုပ်ရ။
၁၈။     ပေါင်ထမ်း၊ ဆွဲနပန်၊ ပရန်၊ အိပ်ပစ် တို့မှာ အဖမ်းဖြစ်စေ၊ အခံဖြစ်စေ နှစ်ဦးစလုံး အပစ်တွင် လက် ထောက်ရန် ခွင့်ပြုထားသည်။ ပစ်ပြီးမှ အားလွန်ကာ လက်ပြုတ်ပြီး မြေကြီးကို လက်ထောက် ခဲ့သောသူကု ကျရှုံးသူအဖြစ်သတ်မှတ်ရမည်။
၁၉။     ကျင်သန်နှစ်ဦးသည် ကျင်ကိုင်ရာတွင် လူထုပရိသတ်၏ အမြင်အားဖြင့် ဟန်ဆောင်ကာ နားလည် မှုနှင့် ကျင်ကိုင်နေကြသည်ဟု(ကျင်ဒိုင်အဖွဲ့က) ယူဆလျှင် နှစ်ဦးစလုံးကို ကျင်ပွဲမှ ထုတ်ပယ်ရမည်။ ဥပမာ- တစ်ဦးကိုတစ်ဦးက မနာကျင်ရအောင်၊ ဟန်မပျက်ရအောင်၊ နားလည်မှု နှင့်ကျင်ကိုင်နေခြင်းဖြစ် သည်။ (ခုခံပြောဆိုခွင့် လုံးဝမပြုရ။)
၂၀။     ရွှေမောင်းတန်း၊ ငွေမောင်းတန်းတွင် အမည်စာရင်းပေးသွင်းကာ ကျင်တွဲပြီးနောက် ကျင်ကိုင်ရန် အချိန်မီ မရောက်လာပါက မရောက်သူအား အရှုံးပေးရမည်။ ရောက်သူ အား အနိုင် ပေး၇မည်။
၂၁။     နောက်ဆုံးရွှေမောင်းတန်း၊ ငွေမောင်းတန်းတွင် သုံးယောက်ပြိုင်တူ တက်ရောက်လာပါက (၀ါ) အ မှတ်ချင်းတူညီနေပါက၊ မဲစနစ်ဖြင့်ဆုံးဖြတ်ပေးပြီး မဲပေါက်သူကိုအနိုင်ပေးရမည်။ ကျန်နှစ်ဦး ကို ကျင်ကို စေ ကာ နိုင်သောသူကို မဲဖြင့် နိုင်ထားသူနှင့် ရွှေမောင်း(သို့) ငွေမောင်းကို နောက်ဆုံး ဗိုလ်လု ကြ ရမည်။
၂၂။     အိပ်ပစ်ရာတွင် ကျင်ခံသူကို ပြန်အောင်မပစ်နိုင်ခဲ့ပါက ကျင်ဖမ်းသူ(ပစ်သူ) အရှုံးပေးရမည်။
၂၃။     တောင်ကျော်(ပခုံးကျော်)ပစ်ရာတွင် မကျော်နိုင်ဘဲ ကျင်ဖမ်းသူကမြေကိုဒူးထောက်ခဲ့သော် ကျင်ဖမ်း သူကျသည်။ ဖမ်းသူရှုံးသည်။
၂၄။     ကျင်ခံသူက ကျင်ဖမ်းသူ ခြေထောက်မတင်မီ (မကျစ်၊မလိမ်မီ)တွန်းဖယ်ပြီးထွက်မပြေးရ။ သုံးကြိမ်တိတိ ထွက်ပြေးနေလျှင် ကျင်ဖမ်းသူကို ဖမ်းမရသူဟု မဆုံးဖြတ်ဘဲဒိုင်လူကြီးအဖွဲ့ကသင့်တော် သလို ဆုံးဖြတ်ပေးရမည်။
၂၅။     ကျင်ဖမ်းသူနှင့် ကျင်ခံသူတို့သည် တစ်ယောက် သုံးကြိမ်ကျစီဖမ်းရမည်။ အဖမ်းခံရမည်။ အကယ်၍ သုံးကြိမ်တိုင်တိုင် တစ်ဦးကိုတစ်ဦးက ဖမ်းမရပါက နောက်ထပ် သုံးကြိမ် တစ်လှည့်စီ ကျင်ဖမ်းခြင်း ကျင် ခံ ခြင်းကို ပြုရမည်။ ဖမ်းမရပါက ယင်းကျင်အတွဲကို ကျင်ခုံ သမာဓိ အဖွဲ့ သဘော အတိုင်း ဆုံးဖြတ် ခွင့်ရှိ သည်။ ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်သည် နောက်ဆုံး အတည် ဖြစ်စေရမည်။
၂၆။     ကျင်ဖမ်းသူနှင့် ကျင်ခံသူ ကျင်ကိုင်နေစဉ် ကျင်ဖမ်းသူက လက်တစ်ဖက်ထောက်လျှင် ကျင်ခံသူက လည်း လက်တစ်ဖက် ထောက်နိုင်သည်။
၂၇။     ကျင်ဖမ်းသူသည် ကျင်ပစ်ရာတွင် အားလွန်ပြီး လက်ပြုတ်ကာ လက်ထောက်မိပါက ကျင်ဖမ်းသူ သည် ကျရှုံးသူအဖြစ် သတ်မှတ်ရမည်။
၂၈။     ကျင်သန်နှစ်ဦးသည် အားပြုရင်း လက်ပြုတ်သွားသည်ဖြစ်စေ၊ လက်မပြုတ်သည်ဖြစ်စေ၊ ဖင်ထိုင်မိ ပါက ဖင်ထိုင်သူကို ကျရှုံးသူအဖြစ် သတ်မှတ်ရသည်။(ခြွင်းချက်မရှိ ကျရှုံးသည်။)
၂၉။     ကျင်အဖမ်းဖြစ်စေ၊ ကျင်အခံဖြစ်စေ မြေလူးပြာကျပြီး လက်မပြုတ်ဘဲ ပြန်လှန်နိုင်ခဲ့သော် မြေလူးပြာ ကျ ကျသော်လည်း ပထမ ထနိုင်သူကို အနိုင်ပေးရမည်။
၃၀။     ကျင်ဖမ်းသူက ကျင်ခံသူကို ခြေလိမ်ကျစ်ပြီး ပစ်၍ နှစ်ဦးစလုံး တပြိုင်တည်းကျခဲ့သော် လက်ခြေ မပြုတ်ပါက ပြန်လည်၍ အမြန်ထနိုင်သူကို အနိုင်ပေးရမည်။
၃၁။     ကျင်ဖမ်းသူက ကျင်ကိုင်ရာတွင်ဖြစ်စေ၊ ကျင် စတင်ဖမ်းရာတွင်ဖြစ်စေ အားလွန်ပြီး လက်ပြုတ်ကာ မြေကို လက်ဖျားနှင့် ထောက်မိခဲ့သော် ကျင်ဖမ်းသူအား အရှုံးပေးရမည်။ ကျသည်ဟုသတ်မှတ်သည်။
၃၂။     ကျင်စုံတွဲကို ရခိုင်မျိုးရိုးစသ်လာအရ မတွဲထိုက်သူများမှာ- ညီအစ်ကိုအရင်းအချာဖြစ်ခြင်း၊ တူနှင့် ဦးရီးဖြစ်ခြင်း၊ သားနှင့်အဖဖြစ်ခြင်းတို့ တိုင်ဆိုင်လာခဲ့လျှင် ကျင်ခုံသမာဓိအဖွဲ့က လိုအပ်သလို ညှိနှိုင်းပြီး ဆုံးဖြတ်ချက် ပေးရသည်။ အခြားကျင်သန်များနှင့် ပြောင်းလွဲ တွဲပေးရမည်။ တွဲပေးနိုင်သည်။
ကျင်သန်များနေရာယူခြင်း
          ကျင်သန်များသည် ကျင်ခုံသမာဓိလူကြီးများ၏ လက်ဝဲ လက်ျာနေရာတွင်  နေရာယူရသည်။ ဤသို့ နေရာယူရခြင်းမှာ တစ်ဖက်နှင့်တစ်ဖက် အရှုံးအနိုင် ယှဉ်ပြိုင်ရန်အတွက်ဖြစ်သည်။
တစ်ခါတစ်ရံတွင် ကျင်သန်များသည် တစ်ရပ်တစ်ဒေသတည်း ဖြစ်လင့်ကစား ကျင်ပွဲစဉ်အရ၊ ကျင်ပူး တွဲသောအခါ တစ်ဦးနှင့်တစ်ဦး ဆုံတွေ့တတ်ကြသည်။ ယင်းသို့ပွဲစဉ် ပူးတွဲခြင်းခံရသူ နှစ်သီးသည်တစ်နေ ရာတည်းတွင် မနေဘဲ တစ်ဘက်မှတစ်ဘက်သို့ပြောင်းရွှေ့ကာနေရာ ယူကြ ရသည်။
ကျင်ကွင်းခြင်း
          ကျင်ပွဲကျင်းပရာသို့ အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာကြသော ကျင်သန်များသည် မိမိတို့ ရရှိ ထားသောရွှေမောင်း၊ ငွေမောင်းနှင့်(ရွှေခွက်၊ငွေခွက်)များကို လည်တွင်ဆွဲ၍ကျင်ကွင်းပြ ကသည်။ ကျင်ကွင်း သောအခါ မိမိလေ့ကျင့်ထားသော ကျင်ကွင်းနည်းများကို အသုံးပြု၍ ကွင်းပြကြရသည်။ ဟန်ရေး ပြကြရ သည်။
ကျင်သန်များစာရင်းပေးသွင်းခြင်း
          ကျင်သန်များကို ခေါင်းဆောင်လာသော ကျင်သန်ကြီးသည် ကျင်ခုံသမာဓိအဖွဲ့သို့ သွားရောက် ကာ ကျင်သန်များ၏ အမည်စာရင်းကို ပေးသွင်းကြသည်။ ယင်းသို့စာရင်းပေးသွင်း သောအခါ အဆင့်အတန်း အလိုက်ခွဲကာ အမည်စာရင်းပေးကြရသည်။ ရွှေမောင်းတန်း၊ ငွေမောင်းတန်း၊ အပျော်တမ်း စသည်ဖြင့် တိကျစွာစာရင်းပေးကြရသည်။ ကျင်သန်ကြီးများ ပေးထားသော အတန်းလိုက် ကျင်သန်စာရင်းကို ကျင်ခုံ သမာဓိအဖွဲ့ တိတိကျကျ မှန်မှန်ကန်ကန် စာရင်း ပြုစုထားကြရသည်။
မင်္ဂလာကျင်တွဲဖြင့် ကျင်ပွဲဖွင့်လှစ်ခြင်း
          ကျင်ပွဲကို နေ့လယ်တစ်နာရီ အချိန်ခန့်တွင် ကျင်းပလေ့ရှိသည်။ ညနေငါးနာရီ အချိန်ခန့်တွင် ကျင်ပွဲ ကို ခေတ္တရပ်တန့်ထားကြ၏။ နောက်တစ်နေ့တွင်ဆက်လက်ပြီး ကျင်ပွဲကျင်းပကြသည်။
အချို့ပွဲများမှာ တစ်နေ့တည်းနှင့် အပြီးသတ်ကျင်းပကြသည်။ အချို့ပွဲများမှာ သုံးရက်တိုင်တိုင် ကျင်းပကြ၏။ ကျင်ပွဲကိုမင်္ဂလာကျင်တွဲဖြင့် စတင်ကျင်ကွင်း ဖွင့်လှစ်ကြသည်။ မင်္ဂလာကျင်တွဲ ကို ကျင်ကိုင် သော သူငယ်နှစ်ဦးကို ဆုငွေပေးသောအခါ အခြားကျင်တွဲများထက် ပို၍ ဆုချီးမြှင့်ကြရသည်။
မင်္ဂလာကျင်တွဲကိုလည်း ကျင်စည်းကမ်းနှင့်အညီကျင်တိုက်ပေးရသည်။
ကျင်ကွင်းသောအခါ ကျင်သန်များသည် အောက်ဖော်ပြပါစည်းကမ်းချက်တို့ကို လိုက်နာကြ ရသည်။
၁။       အင်္ကျီခွှတ်ရမည်။(ဖိနပ်မစီးရ။)
၂။       ခါးတောင်းကျိုက်ရမည်။
၃။       မိမိရရှိထားသော ရွှေမောင်း၊ ငွေမောင်း၊ ဆုတံဆိပ်များကို လည်မှာဆွဲထားရမည်။
၎။       ရှေးဦးစွာ ကျင်ခံသမာဓိလူကြီးများအား ဂါရ၀ပြုရမည်။
၅။       ကျင်ကျင်း(ကျင်တလင်း) တစ်ပတ်ပြည့်အောင် ကျင်ကွင်းပြကြရမည်။
ငှက်ဝံလက်သဲ(သို့) ၀ံလက်သစ်လွတ်ကွင်းနည်း
          ရှေးဦးစွာ ကျင်သန်သည် ကျင်ခုံသမာဓိအဖွဲ့ဝင်လူကြီးများကို ဂါရ၀ပြုရသည်။ တစ်ဖန်ပွဲကြည့် ပရိ သတ်တို့ကို ဂါရ၀ပြုရသည်။
ကျင်သန်သည် မတ်တပ်ရပ်ကာ တည်ကြည်သောမျက်နှာထားဖြင့် မိမိ၏လက်နှစ်ဘက်ကို လက် အုပ်ချီပူး ကပ်ထားသည်။ လက်များကို နဖူးပေါ်တွင် တင်ပြီး တဖြည်းဖြည်းဝဲယာသို့ လက်များ ဆန့်တန်း လိုက်သည်။ လက်နှစ်ချောင်း အနေအထားမှာ ငှက်တောင်ပံများ ဖြန့်ဝဲ သကဲ့ သို့  ဖြစ်သည်။
လက်နှစ်ချောင်းကို အပ်ါသို့ ဆတ်ခနဲ မြှောက်ချီလိုက်ပြီး၊ နောက်တစ်နေရာသို့ လွှားခနဲ ခုန်လိုက် သည်။ ယင်းနေရာသို့ ရောက်သောအခါ ဘယ်ညာလက်နှစ်ဘက်ဖြင့် ဘယ်၊ ညာ ပေါင်ပေါ် ကို ရိုက် ခတ် လိုက်သည်။ ရိုက်ခတ်ပြီး နောက် ငှက်များ ပျံဝဲသကဲ့သို့ လက်များကို ၀ဲယာသို့ ဆန့်တန်း ဝှေ့ယမ်းကာ ကွင်းပြပါသည်။ တစ်နေရာမှ တစ်နေရာသို့ လှည့်လှည့်ပြီး၊ ကွင်းတစ်ပတ် ပြည့်အောင် ကျင်ကွင်းပြရသည်။ ၄င်း ကျင်ကွင်းနည်းကို ၀ံလက်သဲ(သို့) ၀ံလက် ငှက်ကွင်း နည်း ဟုလည်းခေါ်သည်။
           

ကျီးကန်းရေချိုးကွင်းနည်း
          လက်နှစ်ချောင်းကို ပူးကပ်ကာ နဖူးပေါ်၌ တင်ပြီးတဖြည်းဖြည်း ၀ဲယာသို့ ဆန့်တန်းလိုက် သည်။ ကျင်သန်က ဒူးကို ကုပ်နေဟုန်ထားကာ ခန္ဓာကိုယ်ကို အောက်သို့ နိမ့်ချမြင့်ချီ ပြုလုပ်ကာ ကျင်ကွင်းပြသည်။ ကျီးကန်းငှက်ရေချိုးသကဲ့သို့ မြင်ရသည်။ ဤသို့ဖြင့် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ပြီး ကျင် ကွင်းတစ်ပတ်လှည့်လည်ကာ ကျင်ကွင်း ပြရသည်။
ဦးခေါင်းဝဲကွင်းနည်း
          ခြေတစ်ချောင်းကို မကာ ဘယ်ညာလက်များကို ဦးခေါင်းပေါ်တွင် ၀ဲကာ ၀ဲကာ နွဲ့နှောင်းစွာ ဖြင့် ကျင်ကွင်းပြရသည်။ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ပြီး ကွင်းတစ်ပတ်လည်အောင် ကျင်ကွင်း ပြ ရသည်။
           

လင်းကွက်ငှက်ကွင်းနည်း
          ကျင်သန်သည် လက်ဝါး နှစ်ဘက်နှင့်ပေါင်နှစ်ဖက်ကို တစ်ချက်စီ ရိုက်ခတ်လိုက်သည်။ ကိုယ် ဟန် အနေအထားကို ကွေ့ဝိုက်ကာ လင်းကွက်ငှက်ပျံသည့် အလား ဝှေ့ကာယမ်းကာကျင်ကွင်းပြသည်။ ကွင်းတစ် ပတ်ပြည့်အောင် ကျင်ကွင်းပြရသည်။
           

လက်ခမောင်းခတ်ကွင်းနည်း
          ညာဖက်လက်က ဘယ်ဖက်လက်မောင်းကို” ဖြောင်း ဖြောင်း ဖြောင်း” အသံမြည်လာအောင် ရိုက် ခတ်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို (၉၀ံ)ခန့်ကွေးကာ တဖြည်းဖြည်း ဆန့်တန်း လာသည်။ လက် နှစ်ဘက်ကို အပေါ်သို့ ဆတ်ခနဲ မြှောက်တင်ကာ တစ်နေရာမှ တစ်နေရာသို့ ပြေးလွှားခုန်အုပ်ကာ နေရာ ပြောင်းရွှေ့လိုက်သည်။ ယင်းသို့ တစ်နေရာမှ တစ်နေရာသို့ ပြေးလွှားကာ ကွင်းတစ်ပတ်ပြည့်အောင် ကျင် ကွင်းပြရသည်။
ကင်းမြီးကောက်ထောင်ကွင်းနည်း
          လက်နှစ်ချောင်းကို မြေပြင်မှာ ထောက်ပြီးလျှင် ခြေနှစ်ချောင်းကို မိုးပေါ်သို့ မြှောက်ကာ ကင်းမြီး ကောက်ထောင်ထားသည်။ ကင်းမြီးကောက်ထောင်ပြီး ဆယ်လှမ်းခန့်သွားသည်။ ၄င်းအနေ အထား မှ ကျွမ်း ပစ်ချလိုက်ကာ မတ်တပ်ရပ်လိုက်သည်။ လက်များကို ပူးပြီး ရင်ဘတ်နားတွင် ထားကာ တဖြည်း ဖြည်း ၀ဲယာ သို့ ဆန့်တန်းသည်။ လက်ဆန့်တန်းလာသော အခါ ညာခြေကို (၉၀ံ)ခန့်ကုပ်ပြီး မှောက်ထား သည်။ ထို့ နောက်နေရာ ပြောင်းလိုသောအခါမှာ ကင်းမြီးကောက် ထောင်လိုက်ပြီး နေရာပြောင်း ရွှေ့လိုက်သည်။ ပရိသတ်များက အထူးကောင်းချီး သြဘာ ပေးကြသည်။ ကွင်းတစ်ပတ်လည်အောင် ကွင်းပြီး ဟန်ရေး ပြရ သည်။
နောက်ကျွမ်းပစ်ကွင်းနည်း
          သူသည် ကျားသတ္တ၀ါကဲ့သို့ နောက်ကျွမ်းပစ်လိုက်သည်။ လက်များကို ကွေးကာ ကွေးကာ ၀ဲယာ ရှေ့သို့ ကိုယ်ခန္ဓာကို လှည့်လှည့်ပြီး ကျင်ကွင်းပြသည်။ နောက်ကျွမ်း တစ်ချက်ပစ်လိုက် ကွင်းပြလိုက်နှင့် ကျင်တလင်း တစ်ပတ်ပြည့်အောင် ကျင်ကွင်းပြရသည်။ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့တိုင်း နောက် ကျွမ်းပစ်ကာ ပြောင်းရွှေ့သွားသည်။ ပရိသတ်များက “ကျားလာရေ… ကျား… ကျား” ဟူ၍ ကြွေး ကြော်ကာ အားပေးကြသည်။
           

ရှေ့ကျွမ်းပစ်ကွင်းနည်း
          ကျင်သန်သည် ကျားကဲ့သို့ လျင်မြန်စွာ ရှေ့ကျွမ်း ပစ်လိုက်သည်။ ကျွမ်းပစ်ပြီးလျှင် လျင်မြန် သွက်လက်စွာ လက်နှစ်ဘက်ကို ဆန့်တန်း၍ စွန်များ ပျံဝဲသကဲ့သို့ လက်များကို ၀ဲ၊ယာ ရှေ့သို့ နောက်သို့ ကိုယ်ခန္ဓာကို လှည့်ကာ ကျင်ကွင်းပြသည်။ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့လိုသောအခါ ရှေ့ကျွမ်း ပစ်ပြီး ပြောင်းရွှေ့လိုက်သည်။ ဤသို့ဖြင့် ကျင်ကွင်း တစ်ပတ် ပြည့်အောင် လှည့်လည်ကာ ကျင်ကွင်းပြသည်။
           
         မှတ်ချက် ။     ။ ကျင်ကွင်းနည်းကား များစွာရှိပါလိမ့်မည်။သို့ရာတွင် ကျင်ကွင်းနည်းများသည် တစ်ဒေသနှင့် တစ်ဒေသ မတူဘဲ အနည်းငယ်စီ ကွဲပြားခြားနားမှုရှိသည်။ ကျင်သန်များသည် မိမိကျွမ်း ကျင်
စွာ တတ်မြောက်ထားသော ကျင်ကွင်းနည်းများကို အသုံးပြုကြသည်။
         

ကျင်ဖမ်းခြင်း
        ကျင်ဖမ်းခြင်းဆိုသည်မှာ အခံကျင်သန်ကို၊ အဖမ်းကျင်သန်က မြေပေါ်သို့ ကျအောင်ကျင်ပညာ ရပ်ဖြင့် စည်းကမ်းတကျ ပစ်ချရန် ဖြတ်းခြင်းကိုခေါ်သည်။
အခံကျင်သန်ကို မြေပေါ်သို့ ကျအောင်ပစ်ချခြင်းမှာလည်း စည်းကမ်းချက်နှင့်အညီ ပစ်ချရသည်။ မြေပေါ်သို့ကျလျှင် ပြီးပြီဟု သဘောဖြင့် ပစ်ချ၍ ကားမရပါ။ မလုပ်ရပါ။
အဖမ်းကျင်သန်က မိမိလက်နှစ်ဖက်ကို ကားထားရသည်။ ခြေကိုမြဲစေ၍ တည်ငြိမ်အေးဆေး စွာ ရပ်နေရပါသည်။ အခံကျင်သန် ၀င်လာလျှင် ကျင်ပညာပစ်နည်းမျိုးစုံကို အသုံးပြုပြီးပစ်လှဲ ရန် အသင့် ရှိကြောင်းကို ပရိသတ်အားလုံးက နားလည်သဘောပေါက်စေသည်။
           

ကျင်ခံခြင်း
          ကျင်ခံခြင်းဆိုသည်မှာအဖမ်းကျင်သန်ကကျင်ပညာပစ်နည်းမျိုးစုံကို အသုံးချကာပစ်လှဲ သော်လည်း  မြေပေါ်သို့မကျနိုင်အောင် မိမိကိုယ်ကို ကျင်ပညာရပ်ဖြင့် ထိန်းချုပ်ထားနိုင်သော အတတ်ပညာဖြစ်သည်။
အခံကျင်သန်သည် ခေါင်းကိုငုံ့လျက် ဖမ်းသူအားကာကွယ်ရန် ဟန်အနေအထားရှိသည်။ လက်နှစ် ဘက်ကို ၄၅ံ ခန့်ကွေးကာ၊ အဖမ်းခံရန် အသင့်ရှိကြောင်းကို ဖော်ပြနေသည်။ ပရိသတ် များကလည်း အခံ ကျင်သန်ဟူ၍ သဘောပေါက်နားလည်ကြသည်။ ခန္ဓာကိုယ်ကို နှိမ့်ပြီး ခြေထောက်များမှာ သုံးပေခန့် အကွာ တွင် ထားရသည်။
           

ကျင်ခံနည်းများ
         ကျင်ခံနည်း အမျိုးမျိုးရှိကြသည်။ အခံကျင်သန်သည် အဖမ်းကျင်သန်က မည်သို့မည်ပုံ မည်သည့် နည်း နှင့်မဆိုဖမ်းစေကာမူ လွတ်မြောက်အောင် ရုန်းကန်လှုပ်ရှားခြင်း၊ ခြေနှုတ်ခြင်း၊ ရှောင်တိမ်း ခြင်း၊ ချွတ်ခြင်း၊ ပစ်ခြင်း၊ ခါခြင်း၊ ပြန်ကိုင်ပစ်ခြင်းဖြင့် မြေသို့မကျအောင် မိမိကိုယ်ကို ထိန်းသိမ်းထား နိုင်စွမ်း ရှိသော ပညာရပ်ဖြစ်သည်။
အခံကျင်သန်သည် အဖမ်းကျင်သန်က ခြေထောက်မတင်မီ ရုန်းကန်ထွက်ပြေးခြင်း မပြုရ။ အဖမ်း ကျင်သန် ခြေမတင်မီ ရုန်းကန်ထွက်ပြေးပါက အခံကျင်သန်ကို ကျင်စည်းကမ်းချက်အရအပြစ်ပေး နိုင်သည်။ အဖမ်းကျင်သန်ခြေတင်လာပါက ရုန်းကန်ထွက်ပြေးနိုင်သည်။ ထွက်ပြေး ခွင့် ရှိပါသည်။ ခြေတင်လာပါက ခံသူသည် ပစ်နိုင်သည်။
လက်ဖျားဆွတ်ခံနည်း
          အဖမ်းကျင်သန်သည် မိမိဖမ်းသောအခါ အခံကျင်သန်ကို အနိုင်ရရှိပါက မိမိကျင်ခံသောအခါ လက်ဖျားဆွတ်ခံနည်းကို အသုံးပြပါသည်။ အခံကျင်သန်သည် မိမိလက်နှစ်ချောင်းကို ၄၅ံ ခန့် ကွေးထား ရသည်။ လက်များကိုဖြန့်ထားရသည်။ အဖမ်းကျင်သန်ခန္ဓာကိုယ်နှင့် နှစ်တောင်ခန့် အကွာတွင် တည့်မတ်စွာ ရပ်နေရသည်။ မိမိခေါင်းကိုလည်း ငုံ့ထားရသည်။ အဖမ်းကျင်သန် ကလည်း ဂုတ်ကိုဆွဲယူပြီး၊ ခြေတင်လာ လျှင် ကျင်ဖမ်းသူ၏ ရင်ဘတ်ကိုတွန်းကန်ဖယ်ရှားကာ နောက်သို့ဆုတ်ခွာလိုက်သည်။ ကျင်ဖမ်း သူနှင့် လွတ် လျှင် လက်များကို ကာပြထားရသည်။ အခံကျင်သန်က လက်ကိုကာပြထား ကျင်ဖမ်းသူမှာ ဆက်ပြီး မဖမ်းရ တော့ပါ။ တစ်ကြိမ်ဖမ်းမရဟူ၍ သတ်မှတ်သည်။
           

ဘေးတိုက်ဝင်ခံနည်း
          အဖမ်းကျင်သန်သည် လက်နှစ်ချောင်းကို ကားထားရသည်။ အခံကျင်သန်သည် ကျင်ဖမ်းသူ၏ ဘယ်ဖက်ကဖြစ်စေ၊ ညာဘက်ကဖြစ်စေ၊ မိမိအားသန်သည့်ဖက်မှ ဘေးတိုက်ခါးကို ၀င်၍ သိမ်းဖက် ထား လိုက်သည်။ အဖမ်းကျင်သန်သည် ခြေတင်၍ ကျစ်လာလျှင် တအားကုန် ရုန်းကန်ကာ မြှောက်ပြီး ခြေနုတ် လိုက်ရာ အဖမ်းကျင်သန်မှာ အားလွန်ပြီး ရှေ့သို့ထိုးကျသွား သည်။ တစ်ခါတစ်ရံ အခံကျင်သန်သည် လွတ် ထွက်သွားသောအခါလည်း ရှိသည်။ ဖမ်း၍ ကားမရပါချေ။
           

နောက်ခါးဝင်ခံနည်း
          အဖမ်းကျင်သန်က လက်နှစ်ဘက်ကိုကား ထားရသည်။ အခံကျင်သန်သည် နောက်ဘက်မှ နေ၍ ဖမ်းသူ၏ခါးကိုတင်းကျပ်စွာ သိမ်းဖက်ထားလိုက်သည်။ အဖမ်းကျင်သန်က အခံကျင်သန်၏ လက်ကိုဆွဲယူပြီး ခြေကျစ်ပစ်မည့်အပြုတွင် အခံကျင်သန်သည် အပေါ်သို့ တအားကုန်မြှောက်၍ ရုန်းကန်ပြီး ခြေနုတ်လိုက်ရာ အဖမ်းကျင်သန်မှာ ရှေ့သို့လျှောက်ကာ မှောက်ထိုးလဲကျသွားသည်။ အခံကျင်သန်က ခြေကိုတအားကုန် နုတ်ချွတ်လိုက်ရာ အဖမ်းကျင်သန်မှာ လွတ်ထွက်သွား လေသည်။
           

ဘေးကပ်ဝင်ခံနည်း
          အဖမ်းကျင်သန်က လက်နှစ်ဖက်ကို ကားထားရသည်။ အခံကျင်သန်မှာ မိမိအားသန်ရာ ဘက်မှ ဘေးကပ်ဝင်၍ ဖမ်းသူ၏ခါးကို ဖက်ထားလိုက်သည်။ ဤသို့ဘေးကပ်ဝင်ခံခြင်းမှာ ဖမ်းသူနှင့် ခံသူနှစ်ဦးတွင် တစ်ဦးဦး ကျမည်မှာ သေချာနေပါသည်။
ဘေးကပ်ဝင်ခံလာသောသူကို ကျင်ဖမ်းသူက ခြေတင်ပြီး ခြေလိမ်ကျစ်ကာ ပစ်နိုင်ရပါမည်။ ယင်းသို့ ပစ်နိုင်မှသာလျှင် ကျင်သန်ဟူ်၍ လူအများက ဂုဏ်ယူကြသည်။ မှတ်ချက်ချကြသည်။ အားပေးကြသည်။
ဘေးကပ်ဝင်ခံလာသောသူကို ခြေလိမ်ကျစ်ကာ မပစ်နိုင်ဘဲ အခံကျင်သန်ကို “ကျင်ဖျက်”ဟု ပွဲကြည့် ပရိတ်သတ်က ယူဆကြသည်။ ဝေဖန်ကြ၏။ အော်ဟစ်လှောင်ပြောင်ခြင်းခံရတတ် သည်။
ဘေးကပ်ဝင်ခံလာသောသူသည် ကိုယ်နိုင်သူနိုင် သဘောဖြင့်အသေခံကာကျင်ဝင်ခံခြင်းဖြစ် သည်။ ကျင်ဖမ်းသူကကျင်ခံသူကို ခြေတင်ပြီး လိမ်ကျစ်လိုက်ရာကျင်ခံသူမှာ တအားကုန်ခြေ ချွတ်နုတ်လိုက် သည်။ ခြေချွတ်နုတ်သော အခါ မကျွတ်ပါက(အဖမ်းကျင်သန်) ကျင်ဖမ်းသူက နိုင်ပါသည်။ အကယ်၍ မကျခဲ့ သော် နှစ်ဦးသား လက်ပြုတ်သွားလေသည်။ ကျင်ခံသူမှာ လွတ်မြောက်သွားလေသည်။
           

ဂုတ်ချိုးဝင်ခံနည်း
          အဖမ်းကျင်သန်သည် လက်နှစ်ဖက်ကို မြှောက်ကာ ကားထားရသည်။ အခံကျင်သန်က မိမိ အား သန်သည့်ဘက်မှ ကျင်ဖမ်းသူ၏ ချိုင်းအောက်သို့ ခေါင်းသွင်းထားလိုက်သည်။ အဖမ်းကျင်သန် သည် ဂုတ်ချိုး ကာ ဂုတ်ချိုးပစ်နည်းဖြင့် ပစ်နိုင်သည်။ သို့သော် အဖမ်းကျင်သန် ပစ်မည် အပြုတွင် အခံကျင်သန်က မိမိ၏ လက်နှစ်ဖက်ဖြင့် ကျင်ဖမ်းသူ၏ ခါးကို တင်းကျပ်စွာ သိမ်းဖက် ထားလိုက်သည်။ ကျင်ဖမ်းသူ၏ ခါးစည်းကို ပွဲကြည့်ပရိသတ်၊ ကျင်ဒိုင် လူကြီးမမြင် သာအောင် အသေကိုင်ထားပြီး လက်နှစ်ဖက်နှင့် ဖုံးထားရသည်။
အဖမ်းကျင်သန်သည် အခံကျင်သန်အား ပစ်မည်အပြုတွင် ကျင်ခံသူက ခါးကိုဖက်ထားသော လက် ဖြင့် အဖမ်းကျင်သန်ကို အပေါ်သို့မြင့်တက်သွားအောင် မြှောက်ထားလိုက်သည်။ အဖမ်း ကျင်သန် သည် ပစ် ချ၍ကား မရ။ ကျင်ခံသူက ကျင်ဖမ်းသူ ခြေတင်ရန် စောင့်နေရမည်။ ကျင်ဖမ်းသူ ခြေတင် လာခဲ့လျှင် ကျင်ခံ သူက တင်ကူးပြီး ခါးကို စောင်းချလိုက်ရာ ကျင်ဖမ်းသူမှာ မြေပေါ်သို့ ကျသွားလေ တော့သည်။ ကျရှုံးရ သည်။
ဗိုက်ပိုးခံနည်း
          အခံကျင်သန်သည် မိမိခေါင်းကို အဖမ်းကျင်သန်၏ ရင်အောက်သို့သွင်း၍ ထားလိုက်သည်။ ကျင်ခံ သူက လက်နှစ်ဖက်နှင့်အဖမ်း ကျင်သန်၏ ခါးကို သိမ်းဖက်ထားသည်။ကျင်ဖမ်းသူသည်အိပ်ပစ်နည်း ဖြင့်သာ ပစ်ရန်ရှိပါတော့သည်။ အခြားပစ်နည်း ပစ်ရန်မရှိတော့ပါ။
ကျင်ဖမ်းသူသည် အိပ်ပစ်နည်းဖြင့် ပစ်ရန် မိမိကိုယ်ကို မြေကြီးပေါ်သို့ ရှေးဦးစွာ အိပ်ချလိုက်ရ ၏။ ယင်းသို့ကျင်ပစ်ရန် အိပ်ချလိုက်သောအခါ အခံကျင်သန်က မိမိဖက်ထားသောလက်ကို ဖြုတ် ကာ လျင်မြန် စွာ မြေပေါ်သို့ လက်ကိုလှမ်းထောက်ရသည်။
အဖမ်းကျင်သန် မည်မျှပင် ပြန်အောင်ဆွဲဆောင့်ပစ်သော်လည်း၊ ကျင်ခံသူမှာ မပြန်ဘဲ ကျင်ဖမ်းသူ သာမြေပေါ်တွင် အိပ်ရက်သားကျနေပေလိမ့်မည်။ ပစ်သူကျသည်။
       မှတ်ချက် ။     ။ အိပ်ပစ်နည်းဖြင့် ပစ်သောအခါ အခံကျင်သန်နှင့် အဖမ်းကျင်သန်တို့ နှစ်ဦး လုံးပြန်သွားပါက ကျင်ဖမ်းသူက နိုင်သည်။ မပြန်ဘဲ ဘေးစောင်းချင်း ကျသော် ပစ်သော ကျင်သန် သည် အလျင်အမြန်ထနိုင်သော်လည်း၊ ကျင်ဖမ်းသူကျသည် ဟုသတ်မှတ်ထားကြသည်။သို့သော် အိပ်ပစ် နည်းဖြင့် ပစ်သောအခါ ပြန်သွားပါက ကျင်ခံသူသည် အမြန်ထနိုင်သော်လည်း အနိုင်မရပါ။ အဖမ်းကျင် သန် အထ နောက်ကသော်လည်း အနိုင်ပေးရ၏။
       
အိပ်ပစ်နည်းတွင်ပြန်လျှင်ကျင်ဖမ်းသူနိုင်သည်။ မပြန်လျှင်ဖမ်းသူမှာကျသည်။ကျင်ခံသူအနိုင် ရသည်။
           

ပစ်နည်းစုံလင်ကျင်စွမ်းအင်
          ကျင်ပစ်နည်းဆိုသည်မှာ အဖမ်းကျင်သန်က အခံကျင်သန်ကို မြေပေါ်သို့ ကျအောင် ပညာသားပါပါနှင့် ပစ်ချသောနည်းကို ခေါ်သည်။ ယင်းပစ်ချသောနည်းမှာလည်း အမျိုးမျိုး ရှိကြသည်။
ပစ်ချသောနည်းများကို အကြမ်းအားဖြင့် သုံးမျိုးသုံးစား ခွဲခြားသတ်မှတ်နိုင်သည်။ လက်ချည်း သက် သက်အသုံးပြု၍ ပစ်ချသောနည်း၊ ခြေချည်းသက်သက်အသုံးပြု၍ ပစ်ချ သောနည်းနှင့် လက်ခြေ နှစ် ရပ်ကို ပေါင်းစပ်ကာ အသုံးပြု၍ ပစ်ချသောနည်းတို့ဖြစ်ကြသည်။
ကျင်သန်များသည် လက်နှင့် ခြေနှစ်ရပ်ကို ပေါင်းစပ်ကာ အသုံးပြု၍ ပစ်ချသောနည်းကို အသုံးများ လေ့ ရှိကြသည်။
(က)    လက်သက်သက်နှင့် ဆွဲဖမ်းကိုင်တွယ်ပစ်ချနည်းများမှာ မောင်းဆွဲ၊ မောင်းလိမ်၊ မောင်းသတ်၊ မောင်းလွှဲ၊ မောင်းပြန်၊ မောင်းဖွင့်၊ မောင်းတန်း၊ ဂုတ်ဆွဲ၊ ဂုတ်သတ်၊ ဂုတ်ချိုး၊ ခွာတင်စည်း (ရင်စည်းပစ်)၊ ငုံ့ခါးဖမ်း(ငုပ်ဖမ်း)၊ မောင်းသတ်ခါးဖမ်းနှင့် မောင်းဆွဲခါးဖမ်း တို့ဖြစ်သည်။
(ခ)     ခြေချည်းသက်သက် အသုံးပြုပြီး ပစ်ချသောနည်းများမှာ ခြေထိုး၊ ခြေနင်း၊ ခြေပေါက်၊ ခြေချိတ်၊ ခြေပြားသတ်၊ ခြေလိမ်၊ ခြေကျစ်၊ ပေါင်မြှင့်(ပေါင်ထမ်း)၊ ခြေကော်နှင့် ဒူးကန် တို့ ဖြစ် ကြသည်။
(ဂ)     ခြေလက်နှစ်ရပ်ကို ပေါင်းစပ်ကာ အသုံးပြုပစ်ချသော နည်းများမှာ မောင်းဆွဲတောင်ကျော်၊ ဂုတ်ချိုး ပြင်ခြေလိမ်၊ တွင်းခြေလိမ်ကျစ်၊ နှစ်ပင်ဆန်းဂုတ်ချိုး ခြေလိမ်၊ ခြေလိမ်ခါးဖမ်း၊ နှစ်ပင် ပေါင်းလိမ်တွင်း မောင်း ဆွဲ၊ တွင်းခြေကော်၊ တွင်းမောင်းဆွဲ၊ တွင်းခြေပေါက် စသည်တို့ဖြစ်သည်။
ရပ်စောက်ကြောင်လိမ်ဂျွမ်းပစ်နည်း
          အခံကျင်သန်သည် အဖမ်းကျင်သန်၏ ဘယ်ဘက်က ကပ်ဝင်ပြီး ခါးကိုဖက်ထားပါလိမ့်မည်။ အဖမ်း ကျင်သန်က အခံကျင်သန်၏ ဘယ်လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး၊ မိမိခြေနှင့် အခံကျင်သန်၏ ဘယ်ခြေ ထောက်ကို လိမ်ကျစ်ကာ မြေပေါ်တွင် လျင်မြန်စွာ ကင်းမြီးကောက် ထောင်၍ တစ်ဖက်သို့ပြန်သွားအောင် ကျွမ်းပစ်လိုက်ရသည်။ ထိုအ